မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)၏
ထုတ်ပြန်ကြေငြာချက်
ရက်စွဲ ၂၀၂၄ ခု ဖေဖော်ဝါရီလ ၁၄ ရက်
၁။ မွန်ပြည်သစ်ပါတီသည် မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် ရည်ရွယ်ချက် ဖြင့် ၁၉၉၅ ခုနှစ်မှစ၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ)၊ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူပြီး NLD အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
၂။ ဤသို့ နှစ်ရှည်ကြာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော်လည်း နိုင်ငံရေးပြဿနာကို မဖြေရှင်းသည့် အပြင် မိမိတို့တပ်စခန်းများအား သိမ်းပိုက်ခြင်းအပါအဝင် မွန်တော်လှန်ရေးနေ့၊ မွန်အမျိုးသားနေ့ အခမ်းအနား ပြုလုပ်သည်မှအစ စစ်တပ်မှ နည်းမျိုးစုံ ဖိအားပေးခဲ့ပါသည်။
၃။ ၂၀၂၁ ခု ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းလိုက်ခြင်းသည် နိုင်ငံအတွက်များစွာ ထိခိုက်နစ်နာ စေပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းသွားရန်နှင့် ပြည်သူများ၏ဆန္ဒသဘော ထားကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းစွာအဖြေရှာသွားကြရန် ၂၀၂၁ ခု ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ သဘောထား ထုတ်ပြန်ခဲ့ပါသည်။
၄။ မွန်ပြည်သစ်ပါတီသည် NCA စာချုပ် သဘောတူညီချက်များအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ အဖြေရှာရန် နည်းလမ်းပေါင်းစုံဖြင့် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့သည်။ အာဏာသိမ်း စစ်ကောင်စီ နှင့် (၃) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုဆွေးနွေးမှုများတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေး ပွဲများကသာ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟူသည့် ရပ်တည်ချက်အပါအဝင် မိမိတို့ပါတီ လိုလားသည့် ဖက်ဒရယ်အခြေခံမူများကို တင်ပြဆွေးနွေးခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ်များ လုံးဝ မရရှိခဲ့ပါ။
၅။ အာဏာသိမ်းစစ်တပ်သည် လက်နက်အားကိုးပြီး ပြည်သူလူထုအပေါ် လူမဆန်စွာ ဖမ်းဆီးညှင်းဆဲ အကျဉ်းချသတ်ဖြတ်မှုများ နေ့စဥ်ကျူးလွန်နေပြီး မွန်ပြည်နယ်တွင်လည်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှု မျိုးစုံ ကြုံတွေ့နေရသည်။ အထူးသဖြင့် ကျိုက်ထို၊သထုံ၊ဘီးလင်း၊ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့မှုများ ပိုမိုပြုလုပ်လာပါသဖြင့် အကြမ်းဖက်နေသည့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာရန် မဖြစ်နိုင်တော့ပါ။
၆။ ပြည်သူများကို အကာအကွယ်ပေးရန်နှင့် မိမိတို့လိုလားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန်အတွက် နိုင်ငံ၏အာဏာ အဓမ္မသိမ်းယူထား သည့်စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှၚ်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသော နည်းလမ်းဟု ယုံကြည်သည်။ ထိုယုံကြည်ချက်၊ ရပ်တည်ချက်ကို (၁၁) ကြိမ်မြောက် ပါတီညီလာခံ၌ အကျေအလည် ဆွေးနွေးခဲ့သော်လည်း လတ်တလောအခြေအနေတွင် (၂၀၁၂) ခု နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် Bilateral Ceasefire Agreement အတိုင်း ရပ်တည်သွားပြီ စစ်ကောင်စီနှင့် ဆက်ဆံ သွားရန် ဆုံးဖြတ်ခဲ့သည်ကို မိမိတို့ လုံးဝ လက်မခံနိုင်ပါ။
၇။ ထို့ကြောင့် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုၚ်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ် ဗိုလ်၊တပ်မှူး၊အကြပ်တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့သည် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစု များနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ အပ်ပါသည်။
နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)
ဆက်သွယ်ရန်
နိုင်ဗညားလယ် (ဒု-အဖွဲ့ခေါင်းဆောင် -၁)
ဖုန်:− ၀၉ ၇၅ ၄၅ ၇၅ ၃၆၈
Telegram channel..
https://t.me/MsjcZgpxh4hhNTk1


No comments:
Post a Comment