ဒေါက်တာနိုင်လှအောင်ကို မွန်ညီညွတ်ရေးပါတီ ယာယီဥက္ကဋ္ဌအဖြစ် ခန့်အပ်
မော်လမြိုင်၊ နိုဝင်ဘာ ၂
မွန်ညီညွတ်ရေးပါတီ(MUP )က လစ်လပ်နေတဲ့ ဥက္ကဋ္ဌနေရာမှာ ဒေါက်တာနိုင်လှအောင်ကို ယာယီဥက္ကဋ္ဌအဖြစ်အောက်တိုဘာ ၃၀ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ဗဟိုအလုပ်မှုဆောင်အရေးပေါ်အစည်းအဝေးမှာ ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
“အခုလောလောဆယ်က ပါတီညီလာခံက CEC အစည်းအဝေးဆုံးဖြတ်ချက်ချထားတာတော့ လာမယ့် ၂၀၂၂လောက်မှာလုပ်မှာပေါ့။ ဒီကြားကာလမှာတော့ လက်ရှိ ရှိနေတဲ့ ဒုဥက္ကဋ္ဌသုံးယောက်ပေါ့နော်။ အစီအစဉ်အတိုင်းအဲဒီထဲက ဒုဥက္ကဋ္ဌ (တစ်)ကိုတော့ ယာယီဥက္ကဋ္ဌအနေနဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကနေ ဆုံးဖြတ်ပြီးခန့်အပ်လိုက်တယ်ပေါ့ ” လို့ မွန်ညီညွတ်ရေးပါတီက နိုင်တလညီက ပြောပါတယ်။
မွန်ညီညွတ်ရေးပါတီ ယခင်ဥက္ကဋ္ဌ နိုင်တင်အောင်မှာ အသက် ၈၅ နှစ်အရွယ် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့က သံဖြူဇရပ်မြို့နယ် ပငကျေးရွာနေအိမ်မှာ ကွယ်လွန်အနိစ္စရောက်ရှိခဲ့တာကြောင့် ယာယီဥက္ကဋ္ဌအစားထိုးခန့်အပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ခန့်အပ်ထားတဲ့ ယာယီဥက္ကဋ္ဌ နိုင်လှအောင်မှာ ယခင်က မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့တဲ့အပြင် ပါတီပေါင်းစည်းပြီး မွန်ညီညွတ်ရေးပါတီမှာလည်း ဒုဥက္ကဋ္ဌ (၁) အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
“မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီပေါ့။ အဲ့အချိန်မှာလည်း ပါတီရဲ့ ဒုဥက္ကဋ္ဌတစ်ယောက်ဖြစ်တယ်။ နောက်တစ်ခါ သူတို့ထဲမှာ AMDP ထဲမှာဥက္ကဋ္ဌ ဆုံးသွားပြီးတော့ AMDP ယာယီဥက္ကဋ္ဌသဘောမျိုးဖြစ်သွားတာပေါ့။ အခုဒီပါတီပေါင်းစည်းရေး မွန်ညီညွတ်ရေးပါတီအဖြစ်ပြန်လုပ်လိုက်တဲ့အခါမှာ နိုင်တင်အောင်ကနေပြီးတော့ MUP ဥက္ကဋ္ဌပြန်ဖြစ်တယ်။ နိုင်လှအောင်ကတော့ ဒုဥက္ကဋ္ဌ (၁) အနေနဲ့ရှိခဲ့တာဖြစ်တယ်” လို့ မွန်ညီညွတ်ရေးပါတီက နိုင်တလညီက ပြောပါတယ်။
ဒေါက်တာနိုင်လှအောင်မှာ ပျဉ်းမနား ရေဆင်း တိမွေးကုတက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်ပြီး သစ်လုပ်ငန်းလည်း လုပ်ကိုင်သူတစ်ဦးအပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျိုက်မရောမြို့နယ် မွန်ပြည်နယ်အမှတ် (၂) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ကိုယ်စားလှယ်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
Credit/HINTHAR MEADI CORPORATION
No comments:
Post a Comment