၁၃.၂.၂၀၂၁
တောင်ထိပ်မရောက်သေးဘူးလို့ပြေလာတဲ့ Min Ko Naing
ဖမ်းဆီးခံထားရသူများစာရင်း11/2/2021
နောက်မျိုးဆက်သည် Smart Generation ဟု ဦးမင်းကိုနိုင် ပြော
ဖေဖေါ်ဝါရီ
min ka naing
အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတောင်ပိုင်းမှာ ဘာလို့ ဒီမိုကရေစီမပျံ့နှံ့သေးတာလဲ
"လူငယ်တစ်ယောက် အခုလိုလုပ်ရလောက်အောင် ဘယ်လိုဖိနှိပ်မှုမျိုး လုပ်ခဲ့တယ်ထင်သလဲ" တဲ့။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က သူ့မောင် သူ့ကိုယ်သူ မီးရှို့သတ်သေသွားလို့ အစ်မလုပ်တဲ့သူက မေးခွန်း ထုတ်တာပါ။ တူနီးရှားဒေသခံ အာဏာပိုင်တွေက လိုင်စင်မရှိလို့ဆိုပြီး သူ့ရဲ့သစ်သီးလှည်းကို ဖမ်းဆီးသိမ်းဆည်းသွားခဲ့ကြတယ်။ တကယ်က သူ့ဆီက ငွေညှစ်ချင်လို့ပါ။ လူငယ်တစ်ယောက်အတွက် နောက်ဆုံး ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်လိုက်တဲ့လုပ်ရပ်ပါ။ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ သူ့ကိုယ်သူ ဓာတ်ဆီမလောင်းခင် "ကျုပ် ဘယ်လိုလုပ် လုပ်စားရမှာလဲ" လို့ အော်ဟစ်သွားခဲ့ပါသေးတယ်။
သူလိုပဲ ဒေသတွင်းက သန်းပေါင်းများစွာသောသူတွေဟာ သည်းမခံနိုင်တဲ့ အခြေအနေကို ရောက်ခဲ့ကြပါတယ်။ ဖိနှိပ်တဲ့ခေါင်းဆောင်တွေနဲ့ အကျင့်ပျက်အစိုးရတွေအပေါ် ဒေါသတွေဟာ အာရပ်နွေဦး အဖြစ် ပေါက်ကွဲထွက်ပေါ်လာခဲ့ပါတယ်။ ဆူပူအုံကြွမှူတွေဟာ အီဂျစ် ၊ လစ်ဗျား၊ တူနီးရှားနဲ့ ယီမင်က ခေါင်ဆောင်တွေကို ပြုတ်ကျသွားစေခဲ့ပါတယ်။
အာရပ်မှာ နောက်ဆုံးမှာတော့ ဒီမိုကရေစီရောက်လာပြီလို့ ခဏလောက်တော့ ထင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဆယ်နှစ်အကြာမှာတော့ အောင်ပွဲမခံနိုင်ကြသေးပါဘူး။ တူနီးရှားတစ်နိုင်ငံပဲ ဒီမိုကရေစီ စမ်းသပ်မှုမှာ ကြာရှည်ခံတဲ့ရလဒ်ကို ရရှိခဲ့ပါတယ်။ အီဂျစ်က စစ်တပ်အာဏာသိမ်းပြီး ဆိုးဆိုးဝါးဝါး အဆုံးသတ်ခဲ့ပါတယ်။ လစ်ဗျား၊ ယီမင်နဲ့ သူတို့ထက်ပိုဆိုးတဲ့ ဆီးရီးယားတို့မှာ ပြည်တွင်းစစ်တွေဖြစ်ပြီး နိုင်ငံခြားအင်အားကြီးသူတွေ ဝင်ရောက်လာစေခဲ့ပါတယ်။ အာရပ်နွေဦးဟာ ခါးသီးတဲ့ဆောင်းရာသီအဖြစ် အသွင်ပြောင်းပြီး ခုတော့ ဒီဒေသကို စိတ်ပျက်ကုန်ကြပါတော့တယ်။
လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း အများကြီးပြောင်းလဲသွားခဲ့ပေမယ့် ပိုကောင်းလာတာမဟုတ်ပါဘူး။ အာရပ်ကမ္ဘာက အာဏာရှင်တွေဟာလည်း စိတ်ချလက်ချ မနေနိုင်ကြသေးပါဘူး။ ရေနံဈေးတွေကျတော့ ရေနံသူဌေးတွေတောင်မှ သူတို့ရဲ့နိုင်ငံသားတွေကို ရက်ရက်ရောရော ထောက်ပံ့ကြေးပေးတာ၊ လစာကောင်းကောင်းနဲ့ အစိုးရအလုပ်ပေးတာမျိုးတွေ မလုပ်နိုင်ကြတော့ပါဘူး။ ခေါင်းဆောင်အတော်များများဟာ ပြာယာခတ်လာပြီး ပိုလို့ဖိနှိပ်လာနေကြပါတယ်။ ဆော်ဒီအာရေဗျက မိုဟာမက်ဘင်ဆယ်လ်မန်ဟာ သူ့ဆွေမျိုးတွေကို ထောင်ချပစ်တယ်။ အီဂျစ်မှာ စာနယ်ဇင်းတွေကိုဖိနှိပ်၊ အရပ်ဘက်အဖွဲ့အစည်းတွေကို နှိပ်ကွပ်တယ်။ အာရပ်နွေဦးကနေ အာဏာရှင်တွေရတဲ့ သင်ခန်းစာတစ်ခုကတော့ သဘောကွဲတာကို မပြန့်ပွားခင် စောစောစီးစီးနှိမ်နှင်းတဲ့။
အခုဆိုရင် ဒီဒေသဟာ ၂၀၁၀ တုန်းကလောက်တောင် မလွတ်လပ်ဘဲ ပိုပြီးတောင် ဒေါသကြီးနေပါသေးတယ်။ စစ်ပွဲတွေ၊ ဘာသာရေး စစ်ပွဲတွေ၊ ဒုက္ခသည်တွေ ပြီးတော့ ကိုဗစ် ၁၉ နဲ့ ယိမ်းယိုင်နေပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ အာရပ်တွေဟာ အရင်လိုဒုက္ခတွေကို ဆက်ပြီး မခံချင်ကြတော့ဘူး။ သူတို့ကိုယ်သူတို့ အပြောင်းအလဲ လုပ်နိုင်တယ်လို့လည်း ပိုပြီးယုံကြည်နေကြတယ်လို့ ဆိုပါတယ်။
အာရပ်မီးတောက်ဟာ လုံး၀ငြိမ်းသွားတာ မဟုတ်ပါဘူးတဲ့။ ၂၀၁၉ မှာ အာရပ်နိုင်ငံတွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီး အာရပ်နွေဦးတုန်းကလိုပဲ ခေါင်းဆောင်အတော်များများကို ဖယ်ရှားနိုင်ခဲ့ပေမယ့် နာမည်လှလှလေး မပေးခဲ့ကြတာပါတဲ့။
ကံဆိုးတာက ၂၀၁၉ မှာ ဇွတ်အတင်း အပြောင်းအလဲဖြစ်အောင် လုပ်ခဲ့တဲ့ အယ်လ်ဂျီးရီးယား၊ အီရတ် လက်ဘနွန်နဲ့ ဆူဒန်တို့ဟာ အာရပ်နွေဦးတုံးက အကြမ်းဖက်တာထက် နည်းနည်းလေးပဲ ပိုကောင်းတာ တွေ့ရပါတယ်။ တချို့လူတွေပြောသလို အာရပ်မှာ ဒီမိုကရေစီကို မလိုက်နာနိုင်ကြဘူးဆိုတာ မှန်သလား။ တချို့ကတော့ ဒေသတွင်း ဗိုလ်ချုပ်တွေဟာ တကယ်လွတ်လပ်ခွင့် ပေးမရလောက်အောင်ကို နိုင်ငံရေးအရ အမြစ်တွယ်နေပါတယ် လို့ဆိုကြတယ်။ တချို့ကလည်း ဒေသခံ တင်းမာတဲ့ အစ္စလာမ်ဘာသာလိုင်းနဲ့ ဗဟုဝါဒ တွဲမရလို့တဲ့။ တူနီးရှားမှာတော့ လက်တွေ့ကျတဲ့ အစ္စလာမ်တွေ၊ ရွေးကောက်ခံ နိုင်ငံရေးသမားတွေကို လိုက်နာတတ်တဲ့ ဗိုလ်ချုပ်တွေ ရှိနေလို့ဖြစ်ရတာဟာ ခြွင်းချက်လို့ဆိုရမှာလား။
ပြောဖို့တော့ စောပါသေးတယ်။ ခေတ်မီဒီမိုကရေစီဟာ အာရပ်ကမ္ဘာမှာ သေသေချာချာ မျိုးစေ့မချရသေးပါဘူး။ တခြားနေရာတွေမှာလိုပဲ အာရပ်တွေဟာ ကိုယ့်ခေါင်းဆောင်ကို ရွေးချယ်လိုစိတ် ပြင်းထန်ကြပါတယ်။ သူတို့ အလိုအပ်ဆုံးကတော့ တက္ကသိုလ်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပြီးတော့ တရားရုံးတွေနဲ့ ဘာသာရေးအဖွဲ့တွေဆိုတဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေဖြစ်ပြီး အစိုးရရဲ့ လက်အောက်ခံမဟုတ်ဘဲ လည်ပတ်နိုင်ကြဖို့ပါ။ ဒါမှသာ တက်ကြွတဲ့ တတ်သိနားလည်တဲ့ နိုင်ငံသားတွေအတွက် နေရာရှာတွေ့နိုင်မှာပါ။ ဒီတော့မှသာ နိုင်ငံရေး ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်တယ်လို့ လက်ခံလာကြမှာပါ။
အာရပ်တွေအနေနဲ့ လွတ်လွတ်လပ်လပ် အကြိတ်အနယ် ငြင်းခုံ ဆွေးနွေးခွင့်ရကြရင် ပိုကောင်းပါမယ်။ ဒေသတွင်းက ကျောင်းတွေဟာ စဉ်းစားဝေဖန် သုံးသပ်တာထက် အလွတ်ကျက်တာကို ပိုပြီးအားပေးတယ်။ စာနယ်ဇင်းတွေ၊ ဘာသာရေးအဖွဲ့တွေကလည်း အစိုးရရဲ့လေအတိုင်းပဲ။ အာဏာရှင်တွေက လူမှုမီဒီယာတွေမှာလည်း ဝင်ပြီးနေရာယူချင်၊ နေရာပေးချင်ကြတယ်။ ဒီအခါ ဘာသတင်းကိုမှ မယုံကြတော့ဘူး။ လုပ်ကြံသတင်းတွေကလည်း အများကြီးထွက်လာတယ်။ အာရပ်တွေဟာ အစိုးရကိုသာမဟုတ်။ အချင်းချင်းလည်း မယုံကြည်ကြဘူး။ အသေးအဖွဲကိစ္စမျိုးတောင်မှ အဆက်အသွယ်ရှိမှ၊ လာဘ်ပေးနိုင်မှ ပြီးတဲ့စနစ်ကြောင့်လည်းပါတယ်။ အကျင့်ပျက်မှုတွေကြောင့် အစိုးရကို မယုံကြည်ဘူး။ အများအကျိုးဆောင်ရွက်ပေးမယ့်လို့ သိပ်မယုံကြဘူး။ အာဏာရှင်တွေက လူတွေကို နိုင်ငံရေးဆိုတာ "သူနိုင်ရင် ကိုယ်ရှုံး၊ သူရှုံးရင် ကိုယ်နိုင်ပဲ" အမြင်နဲ့ ကြည့်စေတယ်။ တခြားသူတွေ အာဏာရသွားရင် ငွေတွေ၊ ရာထူးတွေ အကုန်ယူသွားမယ်လို့မြင်စေတယ်။ အတိုက်အခံတွေဟာ တခြားလူတွေကို သတ်ပစ်မယ့် အစွန်းရောက်သမားတွေလို့ ထင်အောင် လုပ်ပစ်တယ်။
အဲသလို မြေဆီခန်းနေတဲ့နေရာမှာ ဒီမိုကရေစီအမြစ်မတွယ်နိုင်တာ မဆန်းပါဘူး။ ဒါပေမဲ့ ရေရှည်မှာ မြေဆီကျွေးလို့ရပါတယ်။ ပညာရည် မြင့်မားဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီနိုင်ငံတွေဟာ အာရပ်ကျောင်းသားတွေကို ပိုပြီးလက်ခံသင့်တယ်။ အာရပ်သတင်းစာဆရာတွေ၊ လူ့အခွင့်အရေးသမားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေဘက်ကလည်း ရပ်တည်ပြောသင့်တယ်။ ဗဟုဝါဒ အလေ့အကျင့်တွေ ရှင်သန်ဖို့ အချိန် ပေးရမယ်။ ဒါပေမဲ့ ဒီအတိုင်းပဲဆက်နေချင်ရင်တော့ တည်ငြိမ်မှာ မဟုတ်သလို၊ ဆက်နေလို့လည်း ရမှာမဟုတ်ပါဘူး။
ခင်မောင်ညို (ဘောဂဗေဒ)
(ညွှန်း- အီကောနောမစ်၊ ၉ ဒီဇင်ဘာ၊ ၂၀၂၀)


